Mike Waltz UN မှာ ပြောသွားတဲ့ ကျူးဘားအစိုးရရဲ့ ခြစားမှုများ

မိတ်ဆွေများခင်ဗျား

၁၉၇၉တုန်းက သမ္မတရေဂင်က ကျူးဘန်းပြည်သူတွေကို “လူတန်းစားမဲ့တဲ့ ကွန်မြူနစ် လူ့အဖွဲ့အစည်းဆိုတာက ထားစရာမရှိအောင် ချမ်းသာတဲ့ အခွင့်ထူးခံ လူလက်တဆုပ်စာ လူတန်းစားတခုကို ဖန်တီးပေးလိမ့်မယ်”လို့ သတိပေးခဲ့ပါတယ်။ ၁၉၈၀ရောက်တော့ ကျူးဘန်းပြည်သူတွေကို နောက်ထပ် တိုက်ရိုက်သတိပေးပြန်ပါတယ်၊ “၁၉၅၉ကစလို့ သင်တို့ကို အနစ်နာခံဖို့ ပြောလာတာ အကြိမ်ကြိမ်ရှိနေပါပြီ၊ အဲဒါတွေက ဘာအတွက်ဖြစ်ပါသလဲ၊

မိတ်ဆွေများ၊ လွန်ခဲ့တဲ့ ၆၇နှစ်လုံးလုံး ကျူးဘန်းအစိုးရက သူတို့က ခြွင်းချက်ပါလို့ ပြချင်ခဲ့ပါတယ်။ လက်တွေ့မှာ ဖီဒဲကက်စထရိုအာဏာရလာတော့ စီးပွားရေးလုပ်ငန်းတွေ၊ လယ်ယာတွေ၊ စက်ရုံတွေ၊ နေအိမ်တွေ၊ ပြည်သူစုဆောင်းထားတာတွေကို ပြည်သူပိုင်သိမ်းတယ်၊ ဘီလီယံနဲ့ချီတဲ့ ပြည်သူ့ဓနတွေ တခဏအတွင်းမှာ ခိုးယူခံလိုက်ရတယ်။

ပြီးတော့ ကက်စထရိုက ထောင်နဲ့ချီတဲ့ ဂေးတွေ၊ ခရစ်ယာန်တွေ၊ ကျူးဘန်းလူမည်းတွေ စတာတွေကို ထောင်တွေထဲပို့ခဲ့တယ်၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကနေ အမြတ်ထွက်တဲ့အပြင် သူတို့ကို အလကား ခိုင်းတာကနေလည်း ပိုက်ဆံတွေ သောက်သောက်လဲ ဝင်သေးတာပါ။ အဲဒီအချိန်ကစပြီး ကျူးဘားမှာ ပြည်သူ့ရဲ့ ဓနဥစ္စာတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တာပါပဲ။ အဲဒါတွေဘယ်ရောက်လဲဆိုတာ ကမ္ဘာကိုဒီနေ့ ပြကြရအောင်။

အဲဒီလိုပြောလိုက်တဲ့အခါမှာ ကျူးဘားကိုယ်စားလှယ်အဖွဲ့က ဒေါတွေပွပြီး ခုံတွေထုရိုက် အော်ဟစ် ရုံတင်မက Mike Waltz ပြောနေတဲ့ စင်မြင့်ဆီ ဦးတည်လာပြီး ရန်ပြုမတတ် ခြိမ်းခြောက်ခဲ့ကြပါတယ်။ အဲဒီတော့ Mike က ဒါကအမေရိကား၊ ဒါက ယူအန်၊ မိတ်ဆွေတို့လုပ်ချင်တာလုပ်လို့ရတဲ့ ကွန်မြူနစ် အာဏာရှင်စနစ်မဟုဘ်ဘူး၊ ခုလို သံတမန်တွေ ကင်မရာတွေပြည့်နေတဲ့ နေရာမှာတောင် ဆူပူပြ ဖြဲပြနေတာ ဆိုတော့ ဟာဗားနားမှာ ခုလို မေးခွန်းတွေသွားမေးရင် ဘာဖြစ်သွားမလဲ တွေးကြည့်စမ်းပါလို့ တုန့်ပြန်သွားပါတယ်။

အဲဒီနောက် ဘင်္ဂလားနိုင်ငံသား သဘာပတိက ကျူးဘားအဖွဲ့ကို မင်းတို့ နေရာကိုပြန်ကြပါ၊ ဒီကိုယ်စားလှယ်ပြောပြီးတဲ့အခါ Article 71 အရ တုန့်ပြန်ဖို့ အချိန်ပေးပါ့မယ်၊ တခြားကိုယ်စားလှယ် ပြောနေစဥ်မှာတော့ ပြီးအောင် ပေးပြောပါလို့ အကြိမ်ကြိမ် ပြောတော့မှ ၆-၇မိနစ်လောက်အကြာမှာ နေရာကိုပြန်သွားခဲ့ကြပြီး ဒီကိုယ်စားလှယ် (Mike) က လိမ်လည်နေတယ်လို့ ပြောလိုက်ပါတယ်။ ပြီးတော့မှ Mike လည်း စကားဆက်ပြောခဲ့ပါတယ်။

မိုက်ခ်က “ခုလို ကင်မရာတွေရှေ့ သံတမန်တွေရှေ့မှာတောင် သူတို့လုပ်ရပ်ဖော်တဲ့သူကို ရန်ရှာသေးတာ၊ သူတို့ရဲ့ သံလက်သီးလို ကြမ်းကြုတ် ဖိနှိပ်တဲ့အစိုးရလက်အောက်မှာဆို ဘယ်လောက်ဆိုးမလဲဆိုတာ မြင်ယောင်ကြည့်ကြပါ၊ ငါတို့ ဖိအားပေးခဲ့လို့ ဗာတီကန်က ကြားဝင်စေ့စပ်ပေးပြီး မတ်လမှာ နိုင်ငံရေးအကျဥ်းသား ၅၁ဦးကို လွှတ်ပေးခဲ့ပါတယ်။ ဒီကိုယ်စားလှယ်တွေကို ဆန္ဒပြကြတော့ သူတို့ကပဲ ဗီဒီယိုတွေရိုက်၊ ခြိမ်းခြောက်နှောက်ယှက် ခဲ့ကြတယ်”လို့ ထပ်ပြောသွားပါတယ်။

ဧပြီတုန်းက အကျဥ်းသား ၂၀၁၀ ကို လွှတ်ပေးခဲ့တာမှာ ကျူးဘားက အမေရိကန်ဖိအားပေးလို့ လွှတ်ပေးတယ်လို့မပြောပဲ Holy Week ကြောင့် လွှတ်ပေးတယ်လို့ပြောပြီး မိန်းမ၊ ငယ်ရွယ်သူ၊ သက်ကြီးနဲ့ ရိုးရိုးအကျဥ်းသားတွေကိုပဲ အဓိက လွှတ်ပေးခဲ့တာပါ။

မိုက်ခ်က ဆက်ပြောရာမှာ “ခုပြောတာတွေကို ခင်ဗျားတို့ ကြိုက်ချင်မှကြိုက်မယ်၊ ဒါပေမယ့် ကျူးဘားပြည်သူတွေအတွက် ပြောရပါလိမ့်မယ်”လို့ အစချီပြီး ကျူးဘားပြည်သူတွေရဲ့ ဘီလီယံနဲ့ချီတဲ့ ပိုင်ဆိုင်မှုတွေဟာ ကွန်မြူနစ်အစိုးရလက်အောက်မှာ ဘယ်ရောက်သွားသလဲဆိုတာ ကမ္ဘာကမြင်အောင် ပြသမှာဖြစ်ကြောင်း၊ အဲဒါကို သေချာစဥ်းစားပြီး ဒီနေ့မဲပေးကြဖို့ဖြစ်ကြောင်း၊

လွန်ခဲ့တဲ့တနှစ်ကျော်က Miami Herald က စုံစမ်းရေးသတင်းထောက်တွေဟာ ကျူးဘန်းအစိုးရရဲ့ စစ်တပ်ပိုင် လုပ်ငန်းစုကြီး ဖြစ်တဲ့ GAESA ရဲ့ လျို့ဝှက်ငွေကြေးစာရင်းဇယားတွေကို ဝင်ကြည့်နိုင်ခဲ့ကြကြောင်း၊ အဲဒီမှာ ဘီလီယံနဲ့ချီတဲ့ အမြတ်ငွေ၊ ၁၈ဘီလီယံရှိတဲ့ နိုင်ငံခြားက ပိုင်ဆိုင်မှုတွေနဲ့ ငွေသား ၁၄ဘီလီယံ တွေ့ခဲ့ကြကြောင်း၊ အဲဒီပမာဏက ကျူးဘားပြည်သူအားလုံးရဲ့ လစာကို ၂နှစ်ဆက်တိုက်ပေးမလား၊ ကျူးဘားက ဆေးဆိုင်တွေကို အနှစ် ၄၀စာ ဆေးမပြတ်အောင် ထားမလား၊ ဓါတ်ဆီ ၂ဘီလီယံဂါလံ ဝယ်မလား၊ ဆန်အိတ် သန်း၉၀၀ ဝယ်မလား စသဖြင့် အများကြီး လုပ်လို့ရကြောင်း၊

နောက်ပြီး ကျူးဘားက ဆရာဝန်တွေ သူနာပြုတွေအများကြီးကို သူတို့ဆန္ဒမပါပဲ နိုင်ငံခြားကို တင်ပို့တာကနေ ဘီလီယံချီပြီး ဝင်ပြန်ပါကြောင်း၊ ဒါပေမယ့် ရတဲ့ပိုက်ဆံကိုကျတော့ သူတို့က ထိန်းချုပ်ထားပြီး ထိန်းချုပ်ခွင့်မရရင် မိသားစုကို ခြိမ်းခြောက်ကြကြောင်း၊ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေဖြစ်တဲ့ အစားအစာ၊ ဆန်၊ ဆေးဝါးစတာတွေ နိုင်ငံခြားက ပို့ကူရင်လည်း ပြည်သူလက်ထဲကိုရောက်တာက တကယ့်ကို နည်းနည်းလေးဖြစ်ကြောင်း၊ ဒါကြောင့် စင်တွေက အမြဲ ဟောင်းလောင်းဖြစ်နေရကြောင်း၊

သန်းနဲ့ချီတဲ့ ကျူးဘန်းတွေက အမှောင်ထဲမှာ ငုတ်တုတ်ထိုင်နေကြရကြောင်း၊ ဆေးရုံတွေက အခမဲ့လို့ ကြေငြာပေမယ့် တကယ်တမ်း ဘာမှမရှိကြောင်း၊ လောင်စာဆီကလည်း ရှားပါးဈေးကြီးတော့ ကျူးဘန်းတွေအတွက် ဇိမ်ခံပစ္စည်းလို ဖြစ်နေကြောင်း၊ ဒါပေမယ့် နှစ်တိုင်း လွှတ်တော်ကျင်းပပြီဆိုရင် ဖန်တရာတေနေတဲ့ အကြောင်းပြချက်တွေပဲ ပေးနေကြပြီး ငွေမရှိ ဆေးမရှိ ဆီမရှိကြောင်းပဲ ငြီးတွား နေကြကြောင်း၊

ငယ်ငယ်က သင်ခဲ့ရတဲ့ ရူပဗေဒသင်ခန်းစာထဲကလိုပဲ ပစ္စည်းတွေဟာ အလိုလိုနေရင်းပျောက်သွားတာ မဟုတ်ကြောင်း၊ တယောက်ယောက်က ယူသွားတာမျိုးသာ ဖြစ်နိုင်ကြောင်း၊ GAESA က ဘီလီယံတွေက လုပ်သားတွေရဲ့ ခိုးယူခံရတဲ့ လုပ်ခတွေ၊ ဆီတွေ၊ ဆေးတွေ၊ အစားအစာတွေ ဖြစ်ကြောင်း၊ ဒီနေ့တော့ အဲဒါတွေ ကျူးဘားပြည်သူတွေရဲ့ ပျောက်ဆုံးသွားတဲ့ အရာတွေ ဘယ်ကိုရောက်သလဲဆိုတာ ပုံတွေနဲ့ ပြမှာဖြစ်ကြောင်း၊ သမ္မတရေဂင်သတိပေးချက်က နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် ခုထိ မှန်နေသေးကြောင်း၊

ကက်စထရိုအမြတ်တနိုး ဂုဏ်ယူစွာ ဝတ်ခဲ့တဲ့ ရိုးလက်စ်နာရီ ၂လုံးက ကနေ့ဈေးနဲ့ ဒေါ်လာ ၄သောင်း တန်ပါကြောင်း၊ အဲဒါက ကျူးဘန်းအစိုးရရဲ့ ကိန်းဂဏန်းတွေအရ ကျူးဘားတယောက်ရဲ့ ပျှမ်းမျှလစာကို ၅၅နှစ် ပေးနိုင်တဲ့ပမာဏဖြစ်ကြောင်း၊ လက်ရှိသမ္မတ ကလည်း ရိုးလက်စ်နဲ့ပဲ ဖြစ်ကြောင်း၊ (အဲဒီမှာ ကျူးဘားကိုယ်စားလှယ်အဖွဲ့က ခုံထပ်ထုပြန်ပါတယ်။ မိုက်ခ်က ခင်ဗျားတို့ နောက်တခါနှောက်ယှက်တိုင်း နှောက်ယှက်တိုင်း ခင်ဗျားတို့အစိုးရ ဘယ်လိုခြစားတယ် ဆိုတာ အသေးစိတ် ဖြေးဖြေးလေးထပ်ပြောသွားမယ်လို့ ပြန်ခြိမ်းခြောက်လိုက်ပါတယ်။)

ဆက်လက်ပြီး မိုက်ခ်က ပြည်သူတွေ ငတ်နေတဲ့အချိန်မှာ လက်ရှိသမ္မတက ဒေါ်လာ ၁၇,၀၀၀တန် ရိုးလက်စ်နာရီ၊ Hermes လည်စည်း၊ Montblanc ဖောင်တိန်၊ အကောင်းစားအဝတ်အစားတွေ ဝတ်ထားတာ နယူးယောက်က သူဌေးတွေတောင် ရှက်သွားလောက်အောင်ဖြစ်နေကြောင်း၊ ခုလို အရင်းရှင်စံနစ်ရဲ့ ကောင်းပေ့ ညွန့်ပေ့ဆိုတာတွေကို အမြတ်တနိုး ဝတ်ဆင်ထားပေမယ့် ပါးစပ်ကတော့ အရင်းရှင်စနစ်ကိုပဲ တချိန်လုံး တိုက်ခိုက်အပြစ်ပြောနေတာဖြစ်ကြောင်း၊

ကိုယ်ပေါ်မှာတင်မက အိမ်ခြံမြေပိုင်ဆိုင်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိပါကြောင်း၊ Nave Pilar ဆိုတဲ့ Varadero ကမ်းခြေက မီတာ ၂၀ ရေကူးကန်၊ မာဘယ်ကြမ်းခင်း၊ ကိုယ်ပိုင်ဆိပ်ကမ်း၊ အမေဇုန်တောထဲက ဆီဒါပင်တွေကို တင်သွင်းပြီး အနုစိတ်လုပ်ထားတဲ့ အိမ်အလှဆင်ပစ္စည်း၊ ကိုယ်ပိုင်အားကစားရုံ၊ ကိုယ်ပိုင် sauna, jacuzzi တွေပါဝင်တဲ့ စတုရန်းမီတာ ၁၄၀၀၀ကျော် ခြံဝင်းထဲက အပန်းဖြေစံအိမ်ကြီးနဲ့ မိသားစု/ ဧည့်သည်တွေနေဖို့ အပျံစားအိမ် အလုံး ၂၀၊

အဲဒီလောက်ကြီးတဲ့ ဇိမ်ခံအိမ်နဲ့ မလောက်လို့ Cayo Piedra ဆိုတဲ့ ကိုယ်ပိုင်ကျွန်း၊ ကိုယ်ပိုင်ဆိပ်ကမ်း၊ မီတာ ၅၀ရှည်တဲ့ ဇိမ်ခံရွက်လှေ၊ ရေပေါ်က စားသောက်ဆိုင်၊ ဧည့်သည်တွေအတွက် အပျံစားတည်းခိုစရာနေရာတွေ၊ ကျွန်းပေါ်က ရေကူးကန်၊ သူမွေးထားတဲ့ လင်းပိုင်လေးတွေအတွက် သီးသန့်ရေကန်၊ ဒါက တောင်ကျူးဘားမှာရှိတဲ့ကျွန်း၊ နောက်တနေရာက ကျွန်းတခုက သူမွေးထားတဲ့ ရှားပါးဆန်းပြားတဲ့ တိရိစ္ဆာန်လေးတွေအတွက် သီးသန့်ထားတာ၊ အဲဒီမှာ ဆဖာရီခရီးတွေနဲ့ အပန်းဖြေ ဧည့်ခံကြတယ်၊ ပြည်သူတွေက မီးမရှိပေမယ့် အဲဒီကျွန်းတွေ ဇိမ်ခံအိမ်တွေမှာ မီးထိန်ထိန်လင်းလို့၊ ဒီလိုရွက်လှေတစီးက တတိုင်ကီကို ဆီဂါလံ ၁သောင်းခွဲလောက် ဖြည့်ရတာက ကျောင်း/ဆေးရုံ/နေအိမ်အများကြီးကို မီး/လောင်စာပေးနိုင်တဲ့ ပမာဏပါ။ လူနာတင်ကားတွေမှာ ဆီမရှိ၊ ဘတ်စကားတွေမှာ ဆီမရှိပေမယ့် သူ့မိသားစုအတွက်တော့ ဆီက အလျံပယ်ပါပဲ။

ကက်စထရိုရဲ့ မြေး ဆန်ဒရိုက ပိုက်ဆံအထပ်လိုက်ကိုင်ထားတဲ့ပုံ သူ့အင်စတာဂရမ်မှာ တင်ထားတယ်၊ ကက်စထရို့သား အန်တိုနီယိုကလည်း မြေထဲပင်လယ်မှာ အပန်းဖြေခရီးထွက်လို့၊ ပုံကြည့်ရတာတော့ ပြင်သစ်တောင်ပိုင်းက Saint-Tropez မှာဖြစ်နိုင်တယ်၊ အဲဒီလို အပန်းဖြေကြတာကို တူရကီ သတင်းသမားတွေက ဓါတ်ပုံရိုက်ဖို့လုပ်တော့ သူ့ဘော်ဒီဂတ်တွေက တိုက်ခိုက်ကြပါရော၊ အန်တိုနီယိုရဲ့သား တိုနီကက်စထရိုကလည်း ဘမျိုးဘိုးတူပါပဲ၊ သူ့အဖိုးက အလုပ်ကြိုးစားတဲ့ ပြည်သူတွေရဲ့ ပစ္စည်းတွေကို သိမ်းတယ်၊ အဖေက ရွက်လှေကြီးနဲ့ ကမ္ဘာပတ် ဇိမ်ခံတယ်၊ မြေးက မဒရစ်မှာ BMW နဲ့ ငြိမ့်နေတယ်။ ပြီးတော့ ပြည်သူတွေဆင်းရဲတာကို အရင်းရှင်စနစ်ကြောင့်ဆိုပြီး မဆီမဆိုင် အပြစ်ပုံချ အမုန်းမှိုင်းတိုက်တယ်။

ဇိမ်ခံတာ မှားတယ်လို့ မပြောပါဘူး၊ ဒါပေမယ့် သူတို့လုပ်အားနဲ့ ရှာထားတာတခုမှ မပါဘူးလေ။ ပြည်သူကိုကျတော့ အနှစ် ၇၀လောက် သူတို့လိုအခွင့်အရေးတွေ အားလုံး ခံစားခွင့်မပေးပဲ ချိုးခြံ ခြွေတာခိုင်းနေခဲ့ပြီး အုပ်ချုပ်သူကသာ ပြည်သူပိုင်ရင်းမြစ်တွေကို အာဏာအလွဲသုံး ခိုးယူအုပ်ချုပ်တဲ့ စနစ်ကို kleptocracy လို့ခေါ်ပါတယ်၊ ပြည်သူက ဆင်းရဲမွဲတေမှုကို ရှောင်ရှားဖို့ တိုင်းပြည်ကနေ အသက်စွန့် လှေနဲ့ တခြားတိုင်ငံတွေကို ကူးဖို့ ကြိုးစားနေချိန်မှာ ကက်စထရိုမိသားစုက ဘယ်မှာသွားဇိမ်ခံသုံးဖြုန်းရမယ်ဆိုတာ စဥ်းစားနေရတာက ဖြစ်သင့်ရဲ့လား ကိုယ့်ကိုယ်ကိုယ် မေးကြပါလို့ အကျယ်တဝင့် ချပြ တိုက်တွန်းသွားပါတယ်။

လက်ရှိသမ္မတ Miguel Diaz-Canel Bermudez က ကက်စထရိုမိသားစုဝင်မဟုတ်ပေမယ့် ကာလရှည် သစ္စာခံခဲ့သူဖြစ်ပြီး ဖီဒယ်ရဲ့သား Raul Castro ကိုယ်တိုင်ရွေးထားတဲ့ ဒီစနစ်ဆိုးရဲ့ ထုတ်ကုန်ပဲ ဖြစ်ပါတယ်။ ပြည်သူ့ပိုင်ဆိုင်မှုတွေကို မတရားရယူသိမ်းပိုက်ခဲ့တဲ့ လူရဲ့မြေးတွေက စိတ်ထင်တိုင်း သုံး ဖြုန်းနေစဥ်မှာ အစိုးရမကြိုက်တဲ့ သီချင်းတပုဒ်ရေးတဲ့ Luis Manuel Otero Alcantara က ထောင် ၅နှစ်အချခံရ၊ အစိုးရကို ပြန်ထောက်တဲ့ Jose Daniel Ferrer က ထောင်နှစ်နဲ့ချီကျ၊

ခုထိ ကျူးဘားထောင်တွေထဲမှာ နိုင်ငံရေးအကျဥ်းသား ၈၀၀ကျော် ရှိနေသေးတယ်၊ သူတို့က အနုပညာသည်တွေ၊ တရားဟောဆရာတွေ၊ ကျောင်းသားတွေ၊ သာမာန်မိဘတွေ၊ သူတို့ရဲ့ပြစ်မှုက တောင်းဆိုမိတာ၊ အရိပ်အမြွက်လောက် ပြောမိတာ၊ လွတ်လပ်မှုကို တောင့်တတဲ့ သီချင်းလေး ဆိုမိတာ၊ ဒါတွေကို အမေရိကန်မှာ ခပ်ပေါ့ပေါ့ပဲ သဘောထားကြတာ၊ ကျူးဘားမှာတော့ ဒါက ထောင်ကျနိုင်တဲ့ကိစ္စ၊ ဆိုရှယ်မီဒီယာတွေကနေလည်း ပြန်လွှတ်ပေးရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို SI နဲ့ ပုံဖျက် ဟာသလုပ်၊ ကံကောင်းလို့ ထောင်မကျတဲ့သူတောင် နေရတဲ့ပတ်ဝန်းကျင်က ထောင်လိုပါပဲ၊ ကုန်ဈေးနှုန်းမိုးထိုး၊ စင်ပေါ်မှာ ပစ္စည်းမရှိ၊ မီးမရလို့ ရေခဲသေတ္တာလည်း သုံးမရ၊

အဲဒီတော့ ကျူးဘန်းကိုယ်စားလှယ်အဖွဲ့ကို ကျနော်မေးချင်တာက ခင်ဗျားတို့ ဘာကိုကြောက်နေကြတာလဲ၊ အမေရိကန်နိုင်ငံသားတွေကို ကျူးဘားကို လွတ်လွတ်လပ်လပ် သွားခွင့်ပေးပါ၊ ကျန်တဲ့နိုင်ငံတွေက ကိုယ်စားလှယ်တွေကို ပြောချင်တာက ဒီသူခိုးတွေက ခင်ဗျားတို့ရဲ့မဲကို တောင်းနေကြပြီ၊ သူတို့က ကျူးဘားကို အမေရိကန်က blockade လုပ်ထားတယ်လို့ ပြောတယ်၊ ဒီနှစ် ပထမ ၈လမှာတောင် အမေရိကန်ကနေ ကျူးဘားကို ပစ္စည်းတွေ ပို့ရတာ ၈၇၆သန်းဖိုး ရှိနေပြီ၊

ရေနံဆိုလည်း ကျူးဘားက အကျုံးဝင်တဲ့ ပုဂ္ဂလိကလုပ်ငန်းတွေအတွက် ဆီ၂၃၀သန်းဖိုး၊ အမေရိကန်က သူတို့အတွက် အကြီးဆုံး ဆီတင်ပို့သူ၊ အဲဒါကို သူတို့က အမေရီကန်က ဆီပေးမဝင်ဘူးလို့ လိမ်တယ်၊ ဘီလဇ်၊ ကနေဒါ၊ ချီလီ၊ တရုပ်၊ ကိုလံဘီယာ၊ မက္ကဆီကို၊ ရုရှား၊ စပိန်၊ ဥရုကွေး၊ အီးယူ၊ CARICOM, UN တို့က လွန်ခဲ့တဲ့လအနည်းငယ်ကပဲ သင်္ဘောတွေနဲ့ ကျူးဘားကို ပို့နေသေးတာ၊ အမေရိကန်က ဘလော့ထားရင် ဒီလိုပို့လို့ရမလား၊ သူတို့က မဲလိုချင်လို့ လိမ်နေတာ၊ မိတ်ဆွေသံတမန်တို့အနေနဲ့ မဲမပေးခင် ဒီနေ့မြင်ခဲ့ရတာတွေကို သေချာမှတ်ထားပါ၊ သူတို့က ဒီက မဲရသွားရင် တိုင်းပြည်ကိုပြန်ပြီး ကမ္ဘာကြီးက သူတို့နဲ့အတူရှိနေတယ်လို့ ပြဦးမှာ၊ အဲဒီထဲမှာ သင်ပါနေရင် သင်က ကြံရာပါပဲ၊ သမိုင်းက စောင့်ကြည့်နေပါတယ်၊ ဒီလိုအစိုးရမျိုးဘက်က မရပ်ကြပါနဲ့လို့ ပြောသွားပါတယ်။

ဒီနေ့ပြုလုပ်တဲ့ မဲက အမေရိကန်ကို ကျူးဘားကိုပိတ်ဆို့ထားတဲ့အပေါ် ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ပါ။ ရှုတ်ချမယ့်အဆိုက ၃၄နှစ်ဆက်တိုက် အောင်ခဲ့ပေမယ့် အမေရိကန်ကိုယ်စားလှယ်ရဲ့ ပြင်းထန်တဲ့ ဟောပြောချက်ကြောင့် ထောက်ခံမှုက အနှစ် ၂၀-၃၀အတွင်း အနိမ့်ဆုံးဖြစ်လာပါပြီ။ ပြည်သူဘက်ကရပ်ပေး ပြောပေးတဲ့အစိုးရက ရှုတ်ချခံရပြီး ပြည်သူကို နှိပ်စက်၊ ခေါင်းပုံဖြတ်နေတဲ့ အစိုးရက အနိုင်ဆိုတော့ အိုအသင်လောကလို့ပဲ ဟစ်ရမလားပါ။ မိုက်ခ်ရဲ့မိန့်ခွန်း အပြည့်အစုံရဖို့လည်း ဂူဂယ်ကမပြလို့ Grok မှာမေးမှပဲ ရှာပေးပါတယ်။

https://www.youtube.com/watch?v=pfIqUEsFi00&t=1618s

Leave a Reply